ရခိုင်ပြေ ပြဿနာ၊ ကုလား ဗမာ ပြဿနာ ဖြစ်ပြီးတဲ့နောက်မှာ ယိုးဒယား၊
သီဟိုဠ်က ဖြစ်ရပ်တွေ အကြောင်းကို သိချင်တာနဲ့ လက်လှမ်းမီရာ စာအုပ်စာတမ်း
ရှာဖွေပြီး ဖတ်ကြည့်ဖြစ်ပါတယ်။ ယိုးဒယား၊ သီဟိုဠ်၊ ဗမာ တိုင်းပြေတွေရဲ့
ပြဿနာ ဖြစ်ရခြင်း အကြောင်းအရင်းတွေ မတူကြပါဘူး။ ဒီလိုနဲ့ ဟိုလျှောက်ဖတ် ဒီလျှောက်ဖတ် လုပ်ရင်း စာတမ်း သုံးစောင်လောက် ဖတ်ဖြစ်သွားတယ်။
အဲသလို ရှာဖွေပြီး ဖတ်နေတုန်းမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ စစ်မက်စိတ်၊
ဗုဒ္ဓဘာသာရဲ့ အခြေခံကျင့်ဝတ် ဒါတွေနဲ့ ပက်သက်ပြီး ရေးထားတဲ့ စာအုပ်
တစ်အုပ်ကို ကိုအောင်မျိုးဦး ဆီက မထင်မှတ်ဘဲ ရလိုက်ပါတယ်။ စာအုပ်နာမည်ကလည်း
စိတ်ဝင်စားစရာပါပဲ။ In Defense of Dharma: Just-War Ideology in Buddhist
Sri Lanka တဲ့။ စာတမ်းရှင်က ပွဲဆူမယ့် ကိစ္စရပ်တွေကို တမင် ရွေးထုတ်ပြီး သူ့
အဆိုကို ချပြတဲ့ အနေနဲ့ ရေးသားထားလို့ မြင်ပါတယ်။ သွေးပူ လေ့ကျင့်ခန်း
ပေးပြီး ကစားခိုင်းတဲ့ ပုံစံမျိုးပေါ့။
တရားသောစစ် ဆိုတဲ့
အတွေးအခေါ်ဟာ အနောက်တိုင်း ခရစ်ယာန် သာသနာ စစ်ပွဲတွေက ဆင်းသက်လာတဲ့
အတွေးအခေါ်လို့ စာတမ်းရှင်က ဆိုပါတယ်။ Abrahamic Religions (ဂျူး၊ အစ္စလာမ်၊
ခရစ်ယာန်) အတွေးအခေါ်နဲ့ ပက်သက်ခြင်း မရှိတဲ့ အရှေ့တိုင်း ဗုဒ္ဓဘာသာမှာ
တရားသောစစ်ပွဲ ဆိုတဲ့ အတွေးအခေါ် ဘယ်လို ထွန်းကားလာသလဲ ဆိုတာကို စာတမ်းရှင်က
ဆွေးနွေးထားပါတယ်။
အထူးသဖြင့် နှစ်ပေါင်း သုံးဆယ်ကျော်
ကြာမြင့်ခဲ့ပြီး War for Peace ဆိုတဲ့ ကြွေးကြော်သံနဲ့ ပဋိပက္ခကို
အဆုံးသတ်ခဲ့တဲ့ သီဟိုဠ်ကျွန်းမှာ ထွန်းကားသွားတဲ့ တရားသောစစ်ပွဲ အယူအဆကို
စာတမ်းရှင်က လေ့လာ သုံးသပ်ပြထားပါတယ်။ ဗုဒ္ဓဘာသာဝင် တိုင်းပြေတွေရဲ့
ဘာသာရေး၊ နိုင်ငံရေး ဖြစ်စဉ်တွေကို တရားသောစစ်ပွဲ အယူအဆနဲ့ နှိုင်းရှည့်ပြီး
လေ့လာချင်သူတွေ ဖတ်ကြည့်သင့်တဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
စာတမ်းပါ အကြောင်းအရာတွေက အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။
အဟိံသလမ်းစဉ်ကို အခြေခံတဲ့ ဗုဒ္ဓဘာသာမှာ ယုံကြည်ကျင့်သုံးသူ
ကိုးကွယ်ဆည်းကပ်သူ အစရှိတဲ့ လူတွေဟာ ပြဿနာ တကယ်တမ်း ဖြစ်လာတဲ့ အချိန်၊
သူတို့ သည်းခံနိုင်စွမ်း ကုန်ဆုံး သွားတဲ့ အချိန်မှာ ဘယ်လို တုံ့ပြန်ကြသလဲ
ဆိုတာကို ရှုဒေါင့် အမျိုးမျိုးကနေ သုံးသပ်ပြထားပါတယ်။
ဗမာပြေ
ပြဿနာကို လေ့လာတဲ့ အခါမှာ သီဟိုဠ် ပြဿနာကို အကြမ်းဖျင်းတော့
လေ့လာသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အထူးသဖြင့် လင်္ကာဒီပ သီဟိုဠ်ကျွန်းဟာ
ဗုဒ္ဓရဲ့ ဗျာဒိတ်ရ ကျွန်းမြေ၊ စွယ်တော်မြတ် သီတင်းသုံးရာ ကျွန်းမြေ
ဖြစ်တာကြောင့် ဒီကျွန်းရဲ့ သမိုင်းနောက်ခံနဲ့ ဒီကျွန်းမှာ ဖြစ်သွားတဲ့
ပဋိပက္ခ အစရှိတဲ့ ကိစ္စတွေကို လေ့လာထားတာ အကျိုး မယုတ်ဘူးလို့ ထင်ပါတယ်။
ဒုဌဂါမဏိ ဘုရင်ကြီး လို့ ဆိုလိုက်ရင် ကျွန်တော်တို့ မြန်မာ
ဗုဒ္ဓဘာသာဝင်တွေနဲ့ မစိမ်းလှပါဘူး။ ဒုဌဂါမဏိ ဘုရင်ကြီးနဲ့ ကျေးကုလားတွေ
တိုက်ခဲ့တဲ့ စစ်ပွဲတွေ အကြောင်း၊ ရန်သူကို သိက္ခာရှိရှိ သုတ်သင်တဲ့ အကြောင်း
အစရှိတာတွေ သီဟိုဠ် ပြည်တွင်းစစ် ဖြစ်နေချိန်မှာ ပြန်ပြီး ခေါင်းထောင်
လာတယ်လို့ စာတမ်းရှင်က ဆိုပါတယ်။ ဗမာပြေမှာလည်း အနော်ရထာ၊ ကျန်စစ်၊
ရာဇာဓိရာဇ်၊ မင်းခေါင်၊ မင်းရဲကျော်စွာ၊ အလောင်းဘုရား အစရှိတဲ့
စစ်တိုက်ကောင်းတဲ့ ဗုဒ္ဓဘာသာဝင် မွန်မြန်မာ ဘုရင်ကြီးတွေရှိခဲ့တော့ နောက်ခံ
အခြေအနေကို နှိုင်းရှည့် လေ့လာကြည့်လို့ ရနိုင်ပါတယ်။
ဗုဒ္ဓဘာသာဝင်
ပုထုဇဉ် အများစုဟာ ကာလာဗုမင်းနဲ့တွေ့ပြီး လက်ဖြတ်ခံရတဲ့ ရသေ့လို ခန္တီပါရမီ
ဖြည့်ကျင့်နေသူတွေ မဟုတ်တော့ ဒေါသ ထွက်တဲ့ အခါ ဖြစ်ကြတာပါပဲ။ သီဟိုဠ်
ပြည်တွင်းစစ် ဖြစ်နေတဲ့ အချိန်မှာ သာသနာဝံသ (သာသနာဝင်ကျမ်း -
မြန်မာဘာသာပြန်ရှိပြီးသား) ထဲက အတိတ်ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ဓမ္မကို
ကာကွယ်ဖို့ရာ စစ်ပွဲဝင်ဖို့ တိုက်တွန်း စည်းရုံးကြပါတယ်။ သီဟိုဠ်
ကိုယ်တော်တွေ စစ်ပွဲမှာ တိုက်ရိုက်သောနည်း၊ သွယ်ဝိုက်သောနည်းနဲ့ ပါဝင်
ဆင်နွဲကြတာကိုလည်း စာတမ်းရှင်က သုတေသန ပြုထားပါတယ်။
ဒါ့အပြင်
စာတမ်းရှင်က ဗုဒ္ဓ၀ါဒကို စစ်မဲ့ဝါဒလို့ သတ်မှတ်တာနဲ့ ပက်သက်ပြီး ဆန်းစစ်
ဝေဖန် ထားပါတယ်။ သူ ပြောတဲ့ အချက်တွေက ဓမ္မပဒ ထဲက ထုတ်နှုတ်ထားတာတွေ
များပါတယ်။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ ထဲက အချက်တွေကို ထုတ်နှုတ်ထားတာ
မတွေ့ပါဘူး။ ဒါ့အပြင် သူ ပြောတဲ့ အချက်တွေကလည်း စစ်တိုက်ဖို့
တိုက်တွန်းတာမျိုး မဟုတ်ဘဲ တဏှာကို ပယ်ရှားဖို့ တိုက်တွန်းတဲ့ နေရာမှာ
စစ်ပွဲကို ဥပမာ အဖြစ် သုံးစွဲ ခိုင်းနှိုင်းပြီး ဖော်ပြထားတဲ့ ဂါထာတွေပါ။
စာတမ်းရှင်က ပညာရှင် ဖြစ်တော့ ဘယ်လို သဘောနဲ့ ဒီ အချက်တွေကို ဆွဲထုတ်ထားသလဲ
ဆိုတာ ကျွန်တော် နားမလည်ပါဘူး။
ဒီစာအုပ်မှာ “ဓမ္မယုဒ္ဓယ” အကြောင်းကို ရေးထားတာ ပါသေးတယ်။ အခု ဗမာပြေမှာ ဖြစ်နေတဲ့ မသဘ လှုပ်ရှားမှုနဲ့
ဒီ ဓမ္မယုဒ္ဓယ ကိစ္စနဲ့ အတော့်ကို ဆင်တူနေတာ တွေ့ရပါတယ်။ ကျွန်တော့် စိတ်ထင်
ပြောရရင် ဗမာကိုယ်တော်တွေ သီဟိုဠ်မှာ ပညာသင် သွားရင်းနဲ့ ဓမ္မယုဒ္ဓယ
အတွေးအခေါ်တွေ ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။
ပုထုဇဉ်တွေ ဖြစ်တတ်တဲ့ သဘောနဲ့ ယှဉ်ကြည့်ရင် ပုထုဇဉ်တိုင်း ဖြစ်တတ်တဲ့
သဘောပါပဲ။
ကျွန်တော် စိတ်ထင် ပြောရရင်တော့ ဗုဒ္ဓဘာသာဝင် ဆိုပေသိ
ပုထုဇဉ် ဖြစ်တာကြောင့် အတိုင်းအတာ တစ်ခုကို ကျော်လွန်သွားရင်တော့ ပုထုဇဉ်
လူသားပီပီ မောဟ ဖုံးလွှမ်းပြီး ဒေါသ နောက်ကို လိုက်ကြမှာပါပဲ။ ကျွန်တော်
ဆိုရင်လည်းပဲ အရိယာ မဖြစ်သရွေ့ ဒီလို ဖြစ်ရပ် ဖြစ်စဉ်တွေ လုပ်မိ တွေးမိ
ပြောမိ မှာ ကျိန်းသေပါပဲ။ လောဘ၊ ဒေါသ၊ မောဟတွေ မကင်းကြရင် လောကကြီးဟာ
နေလို့ထိုင်လို့ ကောင်းတော့မယ် မထင်ပါဘူး။
ဒီစာအုပ် အကြောင်းကို ဦးထိန်လင်းနဲ့ ပြောဖြစ်တော့ ဘာသာပြန်ဖို့ ဦးထိန်က
တိုက်တွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကလည်း Ethic ကို သေသေချာချာ
မလေ့လာဖူးလို့ ဒီကျမ်းကို ဘာသာပြန်ဆိုနိုင်စွမ်း မရှိပါဘူး။ Ethic နဲ့
Religion ကို ကျကျနန လေ့လာဖူးသူတွေ အနေနဲ့ ဒီစာအုပ်ကို အကြိုက်တွေ့ခဲ့ရင်
မြန်မာဘာသာပြန်ဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာဘာသာနဲ့ ရှိသင့်တဲ့
စာတမ်းတစ်စောင် ဖြစ်ပါတယ်။ Grant လေး ဘာလေး ရရင်တော့ ကောင်းတာပေါ့။
နို့မဟုတ်ရင်တော့ ဘာသာပြန်ရမှာ မလွယ်ဘူး။
အဆုံးသတ်
ပြောရရင်တော့ ဒီစာတမ်းဟာ ဗုဒ္ဓဘာသာနဲ့ လက်ရှိ ပဋိပက္ခတွေ အကြောင်းကို
ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုသူတွေ မလွတ်တမ်း ဖတ်ရှုသင့်တဲ့ စာတမ်း တစ်စောင်
ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေ အတော်အတန် ဖတ်ဖူးတဲ့သူ ဆိုရင်တော့ ဖတ်ရတာ
ပိုပြီး အဆင်ပြေပါလိမ့်မယ်။
https://www.facebook.com/maungnelynn.aung မှ ကူးယူးဖော်ပြခြင်းဖြစ်သည်။
စာအုပ်လိုချင်သူများ အောက်ပါလင့်တွင် ရယူနိုင်ပါသည်။
src="http://i.docstoccdn.com/js/check-flash.js">
In defense of dharma.pdf -
တရားသောစစ် - In Defense of Dharma: Just-War Ideology in Buddhist Sri Lanka
Subscribe to:
Post Comments (Atom)
No comments:
Post a Comment