ဤ Websiteသည် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့၏ တရားဝင်website တစ်ခုဖြစ်ပါသည်။ It is an official website of Arakan Student Monks Association (A.S.M.A), Thailand.

Monday, October 1, 2018

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်

Posted by A.S.M.A - ပြန်ကြားရေးတာဝန်ခံ  |  No comments

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်
======================

ကွယ်လွန်လေပြီဖြစ်သော နိုင်ငံရေးခေါင်းဆောင်ကြီး ကျေးဇူးရှင် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် အထိမ်းအမှတ်နေ့ အဖြစ်ဖြင့် နှစ်စဉ်နှစ်တိုင်း သြဂုတ်လ (၂၅)ရက်နေ့တွင် အခမ်းအနား ဆင်ယင် ကျင်းပ ကြသည်။

ယင်းသည့် အခမ်းအနားတွင် ဆရာတော်၏ ကျေးဇူးဂုဏ် အထူးကြီးမား မြင့်မြတ်လှပုံကို ပြောပြချီးကျူးကြ သည်။ ကောင်းပါ၏။ လွှတ်တော်အတွင်းတွင်ပင် ဆရာတော်၏ ကျေးဇူးများနှင့်တကွ ဖြစ်စဉ် အတ္ထုပ္ပတ်တို့ကို အမတ်အသီးသီးတို့က ဖော်ထုတ်မြွတ်ကြားကာ ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ်ဖြင့် (၂)မိနစ် ရပ်တန့် ငြိမ်သက်နေကြသည်။ ကောင်းလှပါပေ၏။

ဆရာတော် ဦးဥတ္တမသည် မထမကမ္ဘာစစ် မဖြစ်မီကပင်လျှင် ထိုစဉ်က အရှေ့တိုင်း၏ စံပြ မှတ်ကျောက်ဖြစ်သော ဂျပန်ပြည်သို့ ကြွသွားတော်မူကာ ၈ျပန်၏ ဗဟုသုတကို ယူတော်မူသည်။ မိမိ၏ ဗဟုသုတကိုလည်း ဖြန့်ဖြူးတော်မူသည်။

ယင်းသည့်နောကပ် ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်ခါနီးတွင် ဆရာတော်သည် ဗမာပြည်သို့ ပြန်ကြွလာတော်မူကာ ဗမာတစ်မျိုးသားလုံး၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူသည်။

ထိုစဉ်က အင်္ဂလိပ်နယ်ချဲ့ ဂျူရိုကရက် အစိုးရကို တန်ခိုးအာဏာ အထက်မြက်ဆုံး အချိန်ဖြစ်ရကား ဆရာတော်၏ နိုင်ငံရေးလှုံ့ဆော်မှုများမှာ သူပုန်ထရန် လှုံ့တော်မှုလောက်ပင် အပြစ်ကြီးလေသည်ဟု အင်္ဂလိပ်အစိုးရက အယူရှိကာ အပြင်းအထန် နှိပ်ကွပ်လေတော့သည်။

တိုင်းပြည်လူထုကလည်း ဆရာတော်ကို ထိပ်ပေါ်တင်ထားမတတ် ကြည်ညိုလေးစားကြကာ ဆရာတော်၏ တရားပွဲတိုင်းတွင် တိုးမပေါက်အောင် စည်ကားလှ၏။ အမျိုးသမီးများသည် ဆရာတော်ကြွလာမည့် လမ်းပေါ်တွင် ဆံပင်ကို ဖြန့်ခင်းကာ ဆရာတော် ကြွနင်းသွားစေသည်ဟု ကြားရဖူးပေသည်။ ဘုရင်မပန်းခြံ (ယခု ဗန္ဓုလပန်းခြံ)အတွင်း စည်ကားလှသော တရားပွဲကြီးကို အင်္ဂလိပ်လက်ပါးစေပုလိပ်တို့က နှိမ်နင်း ဖြိုခွင်းရာတွင် ဆရာတော်မှာ ပုလိပ်တစ်ဦး၏ ဒူးဖြင့်တိုက်ခြင်းကို ခံရလေသည်။

ထို့နောက် ဆရာတော်အား မအူပင်ထောင်အတွင်းမှာ အကျဉ်းချထားခြင်း ခံရ၏။ ထောင်ဥပဒေရှိသည်ဟု ဆိုကာ ဆရာတော်၏ သင်္ကန်းကို အတွင်းချွတ်ခွာလျက် ထောင်ဝတ်ထောင်စားကို ၀တ်ပေး၏။

ဆရာတော် ထောင်မှလွတ်သောအခါ ယင်းသည့် ထောင်ဝတ်ထောင်စားကိုဝတ်ကာ တရားနာ ပရိသတ်တို့အား ပြသည့်အတွက် ရှုမြင်ရသူအပေါင်းတို့သည် မျက်ရည်စီးယို ငိုကြွေးကြရပေသည်။

အတိုချုပ်ဆိုရလျှင် "ဗမာပြည် နိုင်ငံရေးအစ ဦးဥတ္တမက"၊ "ဗမာပြည်လွတ်လပ်ရေးအစ ဦးဥတ္တမ" ဟူသည်ပင် သမိုင်းတွင်ရစ် ပေတော့မည်။ သို့သမိုင်းတွင်ရစ်သောကြောင့်ပင်လျှင်လည်း ယခု ၂၅၊၈၊၁၉၅၄ နေ့တွင် ဆရာတော် ပျံလွတ်တော်မူသည့် (၁၅)နှစ်မြောက် အထိမ်းအမှတ်ကို ကျင်းပကြခြင်းဖြစ်၏။

(၁၅)နှစ်မျှသာမက နှစ်ပေါင်း (၁၅၀)၊ နှစ်ပေါင်း (၁၅၀၀)ကြာချင်တိုင်း ကြာငြားသော်လည်း ဗမာလူမျိုးဟူ၍ တည်၍နေသမျှ ကာလပတ်လုံး ဆရာတော်၏ ကျေးဇူးဂုဏ်အထူးတို့သည် ဥဒါန်းအစဉ် တွင်ရစ်ပေတော့မည်။

သို့သော်...
ကျွန်တော်ကား ဆရာတော်၏ နိုင်ငံရေးတရားများ ခေတ်စားစဉ်က ဆရာတော်ကို မမြင်ဖူးပါ။ ဆရာတော်၏ တရားများကိုလည်း မကြားနာရဖူးပါ။ တစ်ဆင့်စကားဖြင့် လည်းကောင်း၊ သတင်းစာများတွင် လည်းကောင်း ကြားနာဖတ်ရှုရပါ၏။

ဆရာတော်အား ကျွန်တော် တွေ့မည့်တွေ့ပြန်တော့...
၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဖြစ်ပါ၏။
ကျွန်တော်သည် သော်မဆင်လည်း (ဗိုလ်တထောင် ဘုရားလမ်း)နှင့် ဘီဂန်ဒတ် လမ်းထောင့်ရှိ သူဌေးဦးမောင်မောင်၏တိုက် တောင်ဘက် ကပ်ရပ်ရှိသော အိမ်ကလေးအပေါ်ထပ်တွင် နေထိုင်လျက်ရှိရာ ကျွန်တော်၏ အသက်(၅၄)နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ်ဖြင့် သံဃာတော်မြတ်များအား ဆွမ်းကပ်လှူဒါန်းလျက် ရှိပါသည်။

အချိန်ကား နံနက (၁၁)နာရီခန့်ဖြစ်ရာ သံဃာတော်မြတ် ဆွမ်းဘုဉ်းပေးလျက် ရှိစဉ် ကျွန်တော်သည် အိမ်ကလေး၏ ၀ရန်တာတွင် ထွက်ရပ်ကာ ဟိုဟိုသည်သည် ကြည့်ရှုနေမိပါ၏။

ထိုအခိုက် သင်္ကန်းကြီး ဖိုသီဖတ်သီဖြင့် ယိုင်ထိုး ယိုင်ထိုး ကြွသွားနေတော်မူသော သံဃာတော်တစ်ပါးကို ဘီဂန်ဒတ်လမ်းပေါ်တွင် မြင်လိုက်လေရာ မျက်နှာကိုဖူးမြာ်ရသည်နှင့် တစ်ပြိုင်နက် ဦးဥတ္တမ ကိုယ်တော်ကြီးဖြစ်ကြောင်း၊ သူ့ဓါတ်ပုံများနှင့် နှိုင်းယှဉ်ကြည့်ရှုကာ သိရှိရပါတော့သည်။

ချက်ချင်းပင် ကျွန်တော်သည် အိမ်ပေါ်မှ ပြေးဆင်းသွားကာ ဆရာတော်အား အမီလိုက်လျက်။
"တပည့်တော်အိမ်မှာ ဆွမ်းဘုဉ်းပေးတော်မူပါ ဘုရား"ဟု လက်အုပ်ချီကာ လျှောက်ထားလိုက်ပါသည်။
"ဟေ... ဟုတ်လား၊ အတော်ပဲဟေ့၊ ငါ ဒီကနေ့ ဆွမ်းမစားရသေးလို့ အခု မောင်ခင်မောင့်ဆီ သွားမလို့ကွ"
ဆရာတော်ပြာသည့် မောင်ခင်မောင်ဆိုသူမှာ ကွယ်လွန်သူ သူကြီးဂေဇက် မောင်ခင်မောင် ဖြစ်ပါသည်။

ဆရာတော်သည် ကျွန်တော်၏အိမ်သို့ လိုက်ကြွတော်မူလာ၏။ အိမ်ပေါ်သိုပရောက်သဖြင့် ဆွမ်းဘုဉ်းပေးနေတော်မူကြသော သံဃာတော်မြတ်များကို မြင်လျှင်။
"ငါကတော့ တခြား စားမကွ..."ဟု မိန့်တော်မူလေသည်။
"အရှင်ဘုရားက ဘယ်ဂိုဏ်းကမို့လဲ ဘုရား"ဟု ကျွန်တော်က အရွှမ်းကလေး ဖောက်ကာ လျှောက်လိုက်ပါ၏။
"ငါကလား၊ ဘုရားဂိုဏ်းကပေါ့ကွ"ဟု ဆရာတော်က တည်တည်ကြီး ပြန်၍ မိန့်ကြား၏။ ဆွမ်းဘုဉ်းပေးတော်မူကြသော သံဃာတော်များက ပြုံးကြသည်။ ကျွန်တော်သည်လည်း ဤတွင်မှ ဆရာတော်၏စိတ်မှာ မူမမှန်ဖြစ်နေပုံကို ရိပ်မိကာ ၀မ်းနည်းလှိုက်လှဲ၍ သွားမိတော့သည်။

အခြားသံဃာတော်များက ကြမ်းပြင်တွင် ခင်းအပ်သည့် ကော်ဇောပေါ်တွင် ဆွမ်းဘုဉ်းပေးတော်မူကြ၏။ ဆရာတော်ဦးဥတ္တမ တွက်ကား စာရေးစားပွဲတစ်လုံးပေါ်တွင် ပြင်ဆင်ကာ ကုလားထိုင်ဖြင့် ဘုဉ်းပေးတော်မူရန် ဆက်ကပ်ရသည်။

"ငါက ဆီးချိုရောဂါ ရှိနေတယ်ကွ၊ ဒါကြောင့် ဆွမ်းမစားဘူး၊ ဟင်းချည်းစားမဟေ့၊ မင်းတို့မှာ ဟင်းတော်တော်များ ရှိရဲ့မဟုတ်လား"
"ရှိပါတယ်ဘုရား"ဟု ကျွန်တော်က လျှောက်ကာ ဆရာတော်ဘုဉ်းပေးနေသည်ကို ငေးစိုက်ကာ ကြည့်နေမိ၏။

"အရှင်ဘုရားတို့ တပည့်တော်ကို သိကြရဲ့လား၊ ဗမာပြည်တစ်ပြည်လုံးကို မျက်စိဖွင့်ပေးတဲ့ ဦးဥတ္တမ ဘုရား"ဟု ဆရာတော်က ကျယ်လောင်စွာ မိန့်တော်မူ၏။

မှန်ပါပေသည်။ ဗမာပြည်တစ်ပြည်လုံး၏ ကျေးဇူးရှင်ကြီး ဖြစ်တော်မူသည့်အပြင် ဗမာပြည်၏ ခေါင်းဆောင်ကြီးအဖြစ်ဖြင့် ကမ္ဘာကပင် အသိအမှတ်ပြုရသော ပုဂ္ဂိုလ်ကြီးပင် မဟုတ်ပါလား။

ဆရာတော်သည် ဆွမ်းဟင်းလျာများကိုသာလျှင် ဘုဉ်းပေးရင်း နိုင်ငံရေး ဆောင်ရွက်ခဲ့ပုံ၊ တိုင်းပြည်အတွက် အနစ်နာခံခဲ့ပုံ၊ ထောင်ကျခံခဲ့ရပုံ၊ ပုလိပ်နှင့် ထောင်အရာရှိများ၏ ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရပုံတွေကို မိန့်ကြားတော်မူ၏။

ဆရာတော်၏ မိန့်တော်သံများကို နာခံရင်း ကျွန်တော်သည် အတိတ်ကို ပြေး၍ မြင်ယောင်နေမိပါတော့သည်။

ဆရာတော်ဦးဥတ္တမ ကြွလာတော်မူမည်ဖြစ်၍ တစ်မြို့လုံး တစ်ရွာလုံး အုန်းအုန်းကျွတ်ကျွတ်ဖြင့် ပြင်ဆင်လုံးပန်းကြပုံများ၊ ဆရာတော်၏ တရားပွဲမှာ လူတွေ ညှပ်ညှပ်တက် ကြိတ်ကြိတ်တိုးလျက် အနီးအနားရှိ မြို့များ၊ ရွာများက ထမင်းထုပ်ဖြင့် လာကာ တရားနာကြပုံများ၊ ဆရာတော်ကြွလာမည့်လမ်းစဉ်တွင် ဆံပင်ကို တံတားခင်းလျက် ၀ပ်စင်းနေကြသော အမျိုးသမီးများ၊ ဆရာတော်၏ တရားပွဲအဓိကရုဏ်းတွင် ဆရာတော်အား ပုလိပ်က ဒူးနှင့်တိုက်ပုံများ၊ ထောင်ထဲတွင် ထောင်အရာရှိများက သင်္ကန်းကို အတင်းချွတ်၍ ထောင်ဝတ် ထောင်စား ၀တ်ပေးပုံများ၊ ထောင်က လွတ်လာသောအခါ ပရိသတ်ဗိုလ်ပုံအလယ်တွင် ထောင်ဝတ်ကို ၀တ်ပြသဖြင့် ပရိသတ်များ မျက်ရည်စီးယို ငိုကြွေးကြပုံမျး၊ ဆရာတော်၏ နောက်ဆုံးခေတ်ဖြစ်သော ခွဲရေး၊ တွဲရေးကာလ၌ အိန္ဒိယပြည်တွင် ခရီးလှည့်လည်တော်မူနေသော ဆရာတော်အား ဝေဟင်ခရီးမှ လေယာဉ်စီးပြီး ကြွလာတော်မူပါရန် ပင့်ဖိတ်ပုံများသည် တစ်သီကြီး ကျွန်တော်၏ ဦးခေါင်းထဲသို့ ၀င်လာပေါတော့သည်။

သို့သော်... ယခုကား... ယခုကား...
ဆွမ်းကပ်လှူဒါန်းမည့်သူ မရှိသဖြင့် ခြေသလုံး ကျောင်းတိုင်ပြုကာ အရပ်တကာလျှောက်၍ လည်နေရသော ဦးဥတ္တမ ဘ၀သို့ ကျရောက်နေရရှာချေပြီတကား၊ ၀မ်းနည်းဖွယ်၊ တရားရဖွယ်၊ သံဝေဂဖြစ်ဖွယ်၊ လောကကို စိတ်နာဖွယ် ကောင်းလှပေစွ။

မွန်းတည့်လု နီးသဖြင့် အခြားသံဃာတော်များ အသီးသီးကြွသွားကြပြီဖြစ်သော်ငြားလည်း ဆရာတော်ကား ဆွမ်းဟင်းများကို ဘုဉ်းပေးလျက်ပင်။

"ဒီဟင်းကို ငါမစားဘူး၊ ဟိုဟင်းက ငါနဲ့တည့်တယ်၊ ထည့်ဦး"စသည်ဖြင့် နှစ်သက်တော်မူသည့် ဟင်းများကို အမိန့်ပေး မှာကြားလျက်ပင် ရှိသေး၏။ ဘုဉ်းပေးတော်မူပုံကို မြင်ရသည်မှာ ရက်ပေါင်းများစွာ ၀လင်အောင် အဟာရ မမှီဝဲရသည့် ပုံမျိုးပင်ပေါ်နေ၏။

ဆွမ်းဟင်းများကို ဘုဉ်းပေးစဉ် ချွေးတွေ တဖြိုက်ဖြိုက်ထွက်လာသည့်အတွက် အပေါ်ရုံ ဧကသီကို ချွတ်ရှာတော်မူကာ ကျွန်တော့်အား ပေးသဖြင့် ၀ရံတာတွင် ဖြန့်လှန်းထားရ၏။

မွန်းတည့် ၁၂ နာရီ ထိုးပြီးရုံမျှသာမက နာရီပြန် တစ်ချက်ပင် ထိုးလုပေပြီ။ ဆရာတော်ကား ဆွမ်းဘုဉ်းပေးနေဆဲပင်။

ရော... ချက်ကပြီ။ "မွန်းလွဲနေပါပြီ ဘုရား"ဟု လျှောက်ခြင်းငှာလည်း မ၀ံ့။ "ဆွမ်းဟင်းကုန်ပါပြီး ဘုရား"ဟု လျှောက်ရမှာလည်း မသင့်။ မည်သို့ ကြံရပါအံ့နည်းဟု အကြံကြပ်၍နေစဉ်...
ဆရာတော်က "ကြံရည်ေ သောက်ချင်တယ်။ ငါ့ကို ကြံရည်ဝယ်ပေးစမ်း"ဟု မိန့်တော်မူ၏။

ဆရာတော်အား လျှောက်ထားရန် အကွက်ပေါ်၍ လာချေပြီ။
"ကြံရည်ဆိုင်က ဝေးပါတယ်ဘုရား... အရှင်ဘုရားကြွရင်း ကပ္ပိပြီး ဘုဉ်းပေးတော်မူပါ ဘုရား"ဟု ကျွန်တော်က လျှောက်ထားကာ ငါးကျပ်တန်ကလေး တစ်ရွကို အနာမာသ ပစ္စည်းအဖြစ် ကပ်ရသည်။

ဆရာတော်သည် ငါးကျပ်တန်ကလေးကို ဘယ်ပြန်ညာပြန် မှောက်လှန်၍ ကြည့်နေသည်။ ဆရာတော်၏ ကြည့်ပုံကား ဤငါးကျပ်တန်မျှသော ငွေကလေးကိုပင် မမြင်ဖူး၊ မတွေ့ဖူးသည်မှ အတန်ကြဟန် အသွင်ကို ဆောင်နေပါသည်။

ကျွန်တော်သည် ဆရာတော်၏ အတိတ်ဖြစ်စဉ်များကို တွေးရင်း ယခု ပစ္စက္ခမျက်မြင်နှင့် ယှဉ်ကြည့်ကာ ရင်ထဲမှာ ဆို့၍ လာတော့သည်။

"တော်တော် ကျေးဇူးကန်းတတ်တဲ့ လူတွေပဲ"ဟုလည်း ကြိတ်၍ ရေရွတ်လိုက်မိကာ မျက်ရည်ပူဝဲ၍ လာမိတော့သည်။

"ကိုင်း... ငါ သွားတော့မယ်"
ဆရာတော်က အမိန့်ပေးရင်း ထလေရာ ကျွန်တော်သည် ၀ရံတာတွင် လှန်းထားသည့် ဆရာတော်၏ ဧကသီကို ပြေးယူပြီး ကရုဏာ စေတနာဖြင့် သင်္ကန်းကို ဆရာတော်၏ ကိုယ်ပေါ်သို့ တင်လွှမ်းကာ လက်ကန်တော့ထိုး၍ ပေးမိ၏။
"အမယ်... မင်းက ငါ့ကိုများ ကလေးအောက်မေ့နေသလား"ဟု ဆရာတော်က ပြုံးပြုံးကြီး မိန့်တော်မူ၏။

ဆရာတော် ကြွရောက်လာသည်က ယခုပြန်လည်ကြွသွားတော်မူခါနီးအထိ ဆရာတော်၏ အပြုံးကို ဤတစ်ကြိမ်သာလျှင် တွေ့ရပေသည်။
"အရှင်ဘုရား၊ ယခု ဘယ်ကိုကြွမှာလဲ ဘုရား"ဟု ကျွန်တော်က လျှောက်လေရာ...
"မောင်ခင်မောင်ရုံး သွားဦးမယ်၊ ငါ့ကို ကြည့်ရှုစောင့်ရှောက်မယ့်သူဟာ မောင်ခင်မောင် တစ်ယောက်တည်းပဲ ရှိတော့တယ်ကွ"ဟု အမိန့်ရှိကာ သင်္ကန်းကြီး ဖိုသီဖတ်သီ၊ ခြေလှမ်းတော် ယိုင်တိယိုင်ထိုးဖြင့် ဖိနပ်မပါ ဗလာခြေထောက်နှင့် ကြွသွားတော်မူလေတော့သတည်း။

ဗင်္ဂေါဗုဒ္ဓဘာသာ အသင်းတိုက်တွင် ဆရာတော် ဦးဥတ္တမ သီတင်းသုံးလျက် ရှိနေသည်။

ကြည့်မြင်တိုင်က နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အိမ်သို့ ဦးဥတ္တမ ကြွအသွားတွင် ထိုခေါင်းဆောင်၏ ဒရိုင်ဘာက ဆရာတော်ကို ပါးရိုက်၍ နှင်ထုတ်သည်။

ဦးဥတ္တမသည် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ မကျန်းမမာ ဖြစ်နေတော်မူသည်။

ဦးဥတ္တမသည် ဆေးရုံတက်၍ နေသည်။
၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့၌ ဦးဥတ္တမအရှင်မြတ် ဆေးရုံတွင် ပျံလွတ်တော် မူရှာချေပြီ။

ဤကား ဆရာတော်၏အကြောင်းများကို သတင်းစာတွင် ပါလာ တွေ့မြင်ရခြင်းသာလျှင်ဖြစ်၏

လွမ်းကြပြီ... လွမ်းကြလေပြီ။
ဆရာတော်၏ အလောင်းကို ဆေးရုံမှ ယူဆောင်လျက် မပုပ်မသိုးအောင် ဆေးရည်စိမ်ကာ မှန်ခေါင်းတွင်သွင်း၍ ပုဇွန်တောင် ညောင်ကုန်းကျောင်းတိုက်တွင် ထား၏။

စည်ကားလှပေ့၊ လူတွေဖြင့် တိုး၍ မပေါက်၊ နေ့ရော ညပါ တရုံးရုံးဖြစ်ကာ ၀မ်းနည်းကြသည်။ ငိုယိုကြသည်။ ပူဆွေးကြသည်။ ဆရာတော်၏ ကျေးဇူးဂုဏ်အထူးကို ချီးကျူးထုတ်ဖော်ကာ ညစဉ်ညတိုင်း တရားပွဲကြီးတွေ ခြိမ့်ခြိမ့်သဲမျှ ကျင်းပသည်။

ဟီးဟီ ရယ်ဖွယ် ကောင်းလေစွ တကားဟု ကျွန်တော့်အတွေးဖြင့် ကျွန်တော် ရင်ထုမနာ ဖြစ်မိသည်။

ထိုစဉ်က ကျွန်တော်သည် သော်မဆင်လမ်းတွင် ပုဇွန်တောင် မြူနီစပါယ်ကျောင်းတွင် ဆရာ လုပ်လျက်ရှိရာ ၁၉၃၈ ခုနှစ်၊ တတိယကျောင်းသားသပိတ်၊ ဗိုလ်အောင်ကျော် သေဆုံးရသည့် ကျောင်းသား သွေးမြေကျ တိုက်ပွဲတွင် နာမည်ကြီး၍လာကြသော အာဇာနည်မြမြ၊ ရဲရဲတောက် ကြည်ကြည် စသည့် ကျွန်တော့်တပည့်များသည် ကျွန်တော့်ထံလာကြကာ ဆရာတော် ဦးဥတ္တမ၏ ချီးကျူးပွဲတွင် ဟောပြောရန် အချက်အလက် အကြောင်းအရာများ လာ၍ မေးကြ၏။

"သွား... ငါမပြောဘူး၊ ဘာလဲ... သေမှ လွမ်းကြတာ၊ ဆရာတော်ကြီး မသေခင်က ငတ်နေတယ်၊ စိတ် ကတောက်ကတက် ဖြစ်နေတယ်။ ဘယ်သူမှ ပြန်မကြည့်ကြဘူး။ ငတ်လွန်းလို့ အမှိုက်ပုံထဲက ဖရဲခွံတောင် ကောက်စားရတယ်လို့ ကြားဖူးတယ်။ ဘယ်လောက် အသည်းနာစရာကောင်းသလဲ။ အခု ချီးကျူးပွဲတော် ကျင်းပတဲ့အတွက် ကုန်ကျမယ့်ငွေရဲ့ အပုံတစ်ရာပုံ တစ်ပုံလောက် ဆရာတော်ကြီး အသက်ရှင်စဉ်က အကုန်အကျခံလိုက်ရင် ဘယ်လောက်ကောင်းမလဲ"ဟု ကျွန်တော်က ပြောမိသည့်ပြင် ဆရာတော်ကြီးအား ဆွမ်းတစ်နပ် ဆက်ကပ်လိုက်ရသည့် အဖြစ်ကလေးကိုပါ ပြောပြလိုက်၏။

လွန်ခဲ့လေပြီ။ အချိန်တွေ ကုန်လွန်ကြညောင်း၍ နှစ်ပေါင်း (၁၅)နှစ်ပင် တိုင်ခဲ့ပေပြီ။

ဆရာတော်ကြီး ဘုန်းတန်ခိုး တောက်ပခဲ့စဉ်က ဦးခေါင်းပေါ်တွင် တင်ကာ တဖူးဖူး မှုတ်ခဲ့ကြသော်လည်း ဇရာဒုဗ္ဗလ အရွယ်ကျ၍ စိတ်တော် ကတောက်ကတက်ဖြစ်နေသော အခါတွင်ကား ကြည့်မည့်ရှုမည့်သူ မရှိမှုကြောင့် အမှိုက်ပုံထဲက ဖရဲခွံကိုပင်လျှင် ဘုဉ်းပေးတော်မူရရှာ၏။

ပျံလွန်တော်မူသွားသော အခါတွင်ကား ကျီးပြိုသလို ပြိုကာ ငိုကြ၊ ယိုကြ၊ သတိရကြ ချီးကျူးကြလေသည်။

ဗမာပြည်တွင် စာပေလောက၏ ဘုရင်တစ်ဆူဖြစ်ပေသော ဆရာပီမိုးနင်းသည်လည်း ထိုနည်းမခြားပင် စခန်းသွားခဲ့ရရှာပေသည်။

အခြား အခြားသော ခေါင်းဆောင်ကြီးများ တိုင်းပြည်၏ ကျေးဇူးရှင်ကြီးများသည်လည်း ဤနည်း၊ ဤလမ်းစဉ်အတိုင်း လိုက်ကြရသည်များလည်း ရှိကြပေမည်သာ။

ထို့ကြောင့် ကျွန်ုပ်တို့ တစ်ခုသတိပြုသင့်သည့် အချက်မှာကား တိုင်းပြည်၏ ကျေးဇူးရှင် လူထု၏ခေါင်းဆောင်၊ ပြည်သူ၏ အကျိုးဆောင်ဖြစ်ကုန်သော ပုဂ္ဂိုလ်များအား သေမှလည်း လွမ်းကြပါ။ ချီးကျူးကြပါ။ မသေခင်လည်း ကျေးဇူးတရားသိကာ ထိုပုဂ္ဂိုလ်များ နေရေး၊ စားရေး၊ စိတ်ချမ်းသာရေး၊ အပ္ပါယ မျှတရေးများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက် ထောက်ပံ့ချီးမြင့်ခြင်း ပြုသင့်လှသည်သာ ဖြစ်ပေသတည်း။

ရန်အောင်

မောင်ဇေယျာ စုစည်းထုတ်ဝေသည့် လွတ်လပ်ရေးရှေ့ဆောင်လမ်းပြ ဆရာတော်ဦးဥတ္တမ (၁၈၇၉-၁၉၃၉) စာအုပ်မှ-

2:16 AM Share:
ပြန်ကြားရေးတာဝန်ခံ

Postတင်ခြင်းပတ်သက်ပြီး အကြံပြုခြင်း၊Postပေးပို့ခြင်း၊ ဆွေးနွေးလိုခြင်း ရှိလာပါက အောက်က Messenger ကနေပေးပို့နိုင်ပါတယ်။ Messenger

0 မှတ်ချက်တိ:

ကြည့်ရှူမူ ပမာဏ

ဆက်သွယ်ရန်

Name

Email *

Message *

မကြာသေးမှီမှတ်တမ်း

နှစ်စဉ်အလိုက်မှတ်တမ်း

© 2018 A.S.M.A. Thailand Ayuttaya
.
back to top